Wednesday, September 25, 2013

ဖခင်ကောင်းဟုတ်မဟုတ် ကပ်ပယ်အိတ်အရွယ်အစားက သက်ဆိုင်နေဟုဆို

ဖခင်ကောင်းဟုတ်မဟုတ် ကပ်ပယ်အိတ်အရွယ်အစားက သက်ဆိုင်နေဟုဆို


ဖခင်ကောင်းပီသမှုနှင့် ကပ်ပယ်အိတ် အရွယ်အစား ဆက်စပ်နေဟုဆို
အများအားဖြင့် ကပ်ပယ်အိတ် အရွယ်အစား သေးငယ်သော ဖခင်များသည် ကလေးအနှီးလဲခြင်း၊ အစာခွံ့ခြင်း၊ ရေချိုးပေးခြင်း စသည်တို့တွင် ပိုမို၍ စိတ်ပါလက်ပါ လုပ်ဆောင်တတ်ကြောင်း အီမိုရီ တက္ကသိုလ်မှ သုတေသီများက ထောက်ခံပြောဆိုခဲ့သည်။
ဖခင်ကောင်း တစ်ဦးအနေဖြင့် တာဝန်ယူမှုသည် အမျိုးသားများ၏ ကပ်ပယ်အိတ် အရွယ်အစားနှင့် ဆက်စပ်မှု ရှိနေကြောင်း သုတေသီများက ပြောကြားလိုက်သည်။ အမေရိကန်နိုင်ငံမှ သိပ္ပံပညာရှင်များက ကပ်ပယ်အိတ် အရွယ်အစား သေးငယ်သော အမျိုးသားများသည် ဖခင်ဘဝအတွက် ပိုမိုစူးစိုက်နှစ်မြှုပ်လေ့ ရှိတတ်ကြောင်း ရှာဖွေ တွေ့ရှိခဲ့သည်။ အများအားဖြင့် ကပ်ပယ်အိတ် အရွယ်အစား သေးငယ်သော ဖခင်များသည် ကလေးအနှီးလဲခြင်း၊ အစာခွံ့ခြင်း၊ ရေချိုးပေးခြင်း စသည်တို့တွင် ပိုမို၍ စိတ်ပါလက်ပါ လုပ်ဆောင်တတ်ကြောင်း အီမိုရီ တက္ကသိုလ်မှ သုတေသီများက ထောက်ခံပြောဆိုခဲ့သည်။ အတ္တလန္တာရှိ အဆိုပါ တက္ကသိုလ်မှ ပညာရှင်များသည် အသက်(၁)နှစ်မှ (၂)နှစ်အရွယ် ကလေးငယ်များ အသီးသီး ရှိနေသည့် ဖခင် အယောက်(၇၀)ကို သုတေသနပြု လေ့လာပြီး ယခုတွေ့ရှိချက်ကို ဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

တိရစ္ဆာန်များ၏ သဘာဝနှင့် ယခုကောက်ချက်သည် ဆက်စပ်မှု ရှိနေပြီး ကပ်ပယ်အိတ် ကြီးမားသော အမျိုးသားများသည် သာမန်အားဖြင့် လိင်ပိုင်းဆိုင်ရာ အဖော်အဖက် ကိစ္စတွင် ပိုမိုအားသန်ပြီး ကပ်ပယ်အိတ် သေးငယ်သူ အမျိုးသားများက ကလေးများအတွက် ပိုမို နှစ်မြှုပ် အာရုံစိုက်လေ့ရှိကြောင်း သိရသည်။ အီမိုရီ တက္ကသိုလ်မှ ပညာရှင်များသည် အမျိုးသား (၇၀)တို့၏ ဦးနှောက်လှိုင်းများကို Scanဖတ်ထားပြီးနောက် ၎င်းတို့၏ ကလေးငယ်များ ဓာတ်ပုံကို ပြသခြင်းဖြင့် တုံ့ပြန် လှုပ်ရှားမှု အပြောင်းအလဲကို လေ့လာခဲ့ကြသည်။ ထိုအခါ ကပ်ပယ်အိတ် အရွယ်အစား သေးငယ်သော ဖခင်များ၏ ဦးနှောက်က သိသိသာသာ ပိုမိုတုံ့ပြန်နိုးကြားကြသည်ကို ဖော်ထုတ်နိုင်ခဲ့သည်။

သုတေသီများက အချို့သော ကပ်ပယ်အိတ် သေးငယ်သော အမျိုးသားများသည် အပိုဆောင်း ဆုလာဘ်အဖြစ် ဦးနှောက်၏ ကြင်နာသနားမှုကို ဖွင့်ဆိုသော ဧရိယာတွင် ပိုမို၍ ကြီးမားသော သက်ရောက်မှုမျိုး ဖြစ်ပေါ်တတ်ကြောင်း ရှင်းပြခဲ့သည်။ ပညာရှင်များသည် ဦးနှောက် တုံ့ပြန်မှု ရလဒ်များကို မှတ်သားပြီးနောက် အဆိုပါ အမျိုးသားများ၏ ဇနီးသည်များကိုပါ တွေ့ဆုံမေးမြန်းကာ ကလေးများအပေါ် မည်သည့် အတိုင်းအတာထိ အာရုံစိုက်ကြောင်း ခြေရာခံခဲ့သည်။ ထို့နောက်တွင်မူ တွေ့ရှိချက် အရပ်ရပ်ကို စုပေါင်းကာ ယေဘုယျအားဖြင့် ကပ်ပယ်အိတ် သေးငယ်သော အမျိုးသားများက ဖခင်ပိုမို ပီသတတ်ကြောင်း အဖြေထုတ်ခဲ့ခြင်း ဖြစ်သည်။

ဦးဆောင် သုတေသီ တစ်ဦးဖြစ်သူ ဒေါက်တာ ဂျိမ်းစ်ရီလင်က "တစ်ခါတစ်လေ တချို့အမျိုးသားတွေဟာ သာမန်ထက်ကို သားသမီးတွေအပေါ် ဂရုစိုက် ကြင်နာနေတတ်တာ ရှိပါတယ်။ ဒီအခြေအနေမှာ သူနဲ့ယှဉ်ပြီး တခြားအမျိုးသားတွေကို အပြစ်တင်ဖို့ မဖြစ်နိုင်ပါဘူး။ ဦးနှောက် တုံ့ပြန်မှုအရကိုက သာမန်အမျိုးသားတွေထက် ဖခင်ပီသမှု ပိုသိသာထင်ရှားတဲ့ အမျိုးသားတွေ ရှိနေတာကို ကျွန်တော်တို့ လက်ခံဖို့ လိုပါတယ်"ဟု ပြောကြားခဲ့သည်။ ၎င်းက "ကပ်ပယ်အိတ် သေးငယ်တဲ့အခါ အဖိုဟော်မုန်း ပိုနည်းသွားတတ်ပြီး ဒီအခြေအနေက ဖခင်ပီသမှုကို ပိုတွန်းအားပေး ဖြည့်ဆည်းပေးတယ်လို့ ဆိုရမှာပါ"ဟုလည်း ရှင်းပြခဲ့သည်။

အီမိုရီ တက္ကသိုလ်မှ သုတေသီများ တွေ့ရှိခဲ့သည့် ဖခင်ပီသမှု၊ မပီသမှု သတ်မှတ်ချက် အရေးပါသော အခြားညွှန်ကိန်း တစ်ရပ်မှာ အစဉ်အလာ အသိုက်အဝန်း ယဉ်ကျေးမှု ဖြစ်နိုင်ကြောင်းလည်း သိရသည်။ အချို့သော လူ့အဖွဲ့အစည်းများတွင် ဖခင်ပီသသော စိတ်အခံ ရှိသည့်တိုင် ယင်းကို ထုတ်မပြရန် ကြီးမားသော ကန့်သတ်ချက်များ ထားရှိခြင်းမျိုး တွေ့ရတတ်ကြောင်း ဒေါက်တာ ရီလင်က မှတ်ချက်ပြုသွားခဲ့သည်။ 

No comments:

Post a Comment