သမီးကို ဖခင်က အကြိမ်ကြိမ် အဓမ္မပြုကျင့်သည်ဟု အမှုဖွင့်
မိခင်ဖြစ်သူသည် ဈေးရောင်းရာမှ ပြန်လာစဉ် သမီးဖြစ်သူ၏ မျက်နှာလန်းဆန်းမှုမရှိသဖြင့် မေးမြန်းရာမှ ဖခင်ဖြစ်သူက အကြိမ်ကြိမ် အဓမ္မကျင့်နေသည့်ကိစ္စကို ဖွင့်ဟခဲ့သည်ဟု ရဲစခန်း၏ ထွက်ဆိုချက်မှတ် တမ်းတွင်တွေ့ရသည်။
အဓမ္မကျင့်ခံရသည့် မိန်းကလေးငယ်မှာ အသက် ၁၆ နှစ်သာရှိသေးသည့် ကလေးငယ်တစ်ဦး ဖြစ်သည်ကိုလည်း ရဲမှတ်တမ်းတွင် တွေ့ရသည်။ အဆိုပါကလေးငယ်ကို ဖခင်ဖြစ်သူက လွန်ခဲ့သော လေးလခန့်မှစ၍ အလိုမတူဘဲ အကြိမ်ကြိမ် အဓမ္မကျင့်နေခဲ့သည်ဟုလည်း ကာယကံရှင်ကလေးငယ်က ပြန်ပြောသည်ဟု မိခင်ဖြစ်သူက ရဲကို တိုင်တန်းထားသည်။
ထိုအဖြစ်အပျက်ကို သြဂုတ် ၁၆ ရက်မှ စတင်၍ မိခင်ဖြစ်သူက သိရှိခဲ့ရာမှ ယခုကဲ့သို့ အမှုဖွင့်ခြင်းဖြစ်သည်ဟုလည်း ရဲမှတ်တမ်းတွင် တွေ့ရသည်။
သို့သော် ယင်းအမှုနှင့်ပတ်သက်၍ ညောင်နှစ်ပင်ရဲစခန်းမှ စခန်းမှူး ရဲအုပ်ပီတာအောင်ထံသို့ မဇ္ဈိမက ဆက်သွယ်မေးမြန်းရာ “အဲဒီအမှုနဲ့ပတ်သက်ပြီး လိုက်လံစုံစမ်းနေတုန်းပါ။ တိုင်းကြားခံရသူက ဖခင်အရင်းဟုတ်၊ မဟုတ်လည်း ပြောရခက်ပါတယ်။ စုံစမ်းဆဲ အခြေအနေမိုလို့ပါ” ဟု ပြန်လည် ဖြေကြားသည်။
သမီးဖြစ်သူကို အဓမ္မကျင့်သူဟု စွပ်စွဲခံထားရသော အမျိုးသားမှာ အသက် ၃၄ နှစ်အရွယ်ရှိပြီဖြစ်ပြီး သူ့ကို ရဲများက ဖမ်းဆီးရန် စီစဉ်ဆောင်ရွက်နေပြီဖြစ်ပြီး ညောင်နှစ်ပင် ရဲစခန်းတွင် အမှုအမှတ် (ပ)၆/ ၂၀၁၃ ဖြင့် အမှုဖွင့် ထားသည်။
ဖမ်းမိပါကလည်း ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၇၆ အဓမ္မပြုကျင့်မှုဖြင့် တရားစွဲဆိုမည်ဟု ရဲဌာန၏ သတင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
No comments:
Post a Comment