ကိုယ်ဝန်ဆောင်ချိန် ယောဂ ကျင့်ခြင်းကြောင့် ရရှိနိုင်သော ကောင်းကျိုးများ
သက်လုံကောင်းပြီး သန်စွမ်းစေတယ်
ကိုယ်ဝန်ဆောင်တစ်ယောက်ဟာ ယောဂကျင့်တာကြောင့် တင်ပဆုံပိုင်း၊ နောက်ကျောပိုင်း၊ ခါးပိုင်းနဲ့ ပခုံးပိုင်းဆိုင်ရာတွေ သန်စွမ်းပြီး သက်လုံကောင်းစေပါတယ်။
ဟန်ချက်ညီစေတယ်
ကိုယ်ဝန်ဆောင် တစ်ယောက်ဟာ ပရိုဂျက်စတုန်းနဲ့ အီစထရိုဂျင် ဟော်မုန်းတွေ များလာတာကြောင့် စိတ်ဓာတ်ကျဆင်းတာမျိုး ဖြစ်တတ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာအရ သန္ဓေသားလေး ဖွံ့ဖြိုးကြီးထွားလာတာနဲ့အမျှ ခန္ဓာကိုယ်က ဟန်ချက်ညီစွာ ထိန်းနိုင်ဖို့ လိုလာပါတယ်။ ယောဂကျင့်တာက ခန္ဓာကိုယ်ရော၊ စိတ်ပိုင်းဆိုင်ရာကိုပါ ဟန်ချက်ညီစွာ ထိန်းနိုင်ပါတယ်။
ခန္ဓာကိုယ်အောက်ပိုင်း တင်းအားလျော့နည်းစေတယ်
ကိုယ်ဝန် လရင့်လာတာနဲ့အမျှ တင်ပဆုံ ကြွက်သားတွေအပေါ် ဖိအားတွေ များလာပါတယ်။ ရင်သားကြီးလာတာကြောင့်လည်း ရင်ဘတ်နဲ့ နောက်ကျောတွေလည်း တောင့်တင်းတာတွေ ခံစားရတတ်ပါတယ်။ ယောဂ လေ့ကျင့်တာက အဲဒီတင်းအားတွေကို လျော့နည်းသက်သာစေပါတယ်။
အာရုံကြောစနစ်ကို တည်ငြိမ်စေတယ်
ယောဂ လေ့ကျင့်ရာမှာ အသက်ကို ဖြည်းဖြည်းမှန်မှန် ရှူသွင်း၊ ရှူထုတ်လုပ်တာက အာရုံကြောစနစ်ကို တည်ငြိမ်စေတာကြောင့် စိတ်တည်ငြိမ်စေတာ၊ အစာအိမ်နဲ့ အူလမ်းကြောင်းစနစ်ကို ကောင်းမွန်စေတာ၊ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေတာ၊ ခုခံအားစနစ်ကို ကောင်းမွန်စေတာစတဲ့ ကောင်းကျိုးတွေ ရရှိနိုင်ပါတယ်။
မွေးဖွားရ လွယ်ကူစေတယ်
ယောဂ လေ့ကျင့်မှုကြောင့် မွေးဖွားရာမှာ ကြုံတွေ့ရမယ့် ပြဿနာတွေကို အလွယ်တကူ ကျော်လွှားနိုင်ပါတယ်။ ဖြည်းဖြည်းမှန်မှန် လေ့ကျင့်ရတဲ့ အသက်ရှူ လေ့ကျင့်ခန်းက မွေးဖွားရာမှာ သက်သောင့်သက်သာ ဖြစ်စေဖို့ အထောက်အကူ ပြုပါတယ်။
သွေးလှည့်ပတ်မှု ကောင်းစေတယ်
အဆစ်တွေ၊ ကြွက်သားတွေဆီကို သွေးလှည့်ပတ်မှု ကောင်းမွန်စေပြီး ရောင်ရမ်းမှုတွေ မဖြစ်အောင် တားဆီးပေးပါတယ်။ ခုခံစွမ်းအား ကောင်းမွန်စေပြီး ကလေးငယ်အတွက် ကောင်းမွန်တဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးသလို ဖြစ်စေပါတယ်။
အသက်ရှူနည်းစနစ် မှန်ကန်စေတယ်
ကိုယ်ဝန်ဆောင်ချိန်မှာ ယောဂ လေ့ကျင့်ထားပါက မွေးဖွားချိန်မှာ အသက်ရှူတာ၊ သွေးဖိအားနဲ့ နှလုံးခုန်နှုန်းတွေကို ပုံမှန်ဖြစ်အောင် ခန္ဓာကိုယ်က ထိန်းထားနိုင်ပါတယ်။
အလင်း (ဆေးဝါး)
GOOD HEALTH
ကျန်းမာရေးစာတိုများစုစည်းမှု

No comments:
Post a Comment